International News

ယူအေအီးရှိစူပါမားကတ်နှင့်ကုန်စုံဆိုင် ၁၂၅ ခုတွင် ကြက်ဥ၊ ဘဲဥနှင့် ကြက်သား၊ ဘဲသားများကို ဈေးတင်ရောင်းချမှုအား အရေးယူ

Last Updated:

ပြီးခဲ့သည့်ဧပြီလက ကြက်ဥ၊ ဘဲဥနှင့် ကြက်သား၊ ဘဲသားများကို ဈေးတင်ရောင်းချမှုအား ထပ်တလဲလဲကျူးလွန်ခြင်းအတွက်  AED ၁၀,၀၀၀ ထက်မနည်းသောဒဏ်ငွေမှ AED ၂၀၀,၀၀၀ အထိ ပြစ်ဒဏ်တိုးမြှင့်အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီးဌာနမှ သတိပေးထားခဲ့ပါသည်။

ယူအေအီးနိုင်ငံရှိ စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီသည် နိုင်ငံအတွင်းသတ်မှတ်ထားသော ကြက်ဥ၊ ဘဲဥနှင့် ကြက်သား၊ ဘဲသားစျေးနှုန်းများကို လိုက်နာခြင်းမရှိသည့်ဈေးဆိုင်များမှ ချိုးဖောက်မှု ၁၂၅ မှုအား အရေးယူမှတ်တမ်းထားရှိနိုင်ခဲ့ပါသည်။ ၎င်းချိုးဖောက်မှုများကို ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိ စူပါမားကတ်များနှင့် ကုန်စုံဆိုင်များတွင် စစ်ဆေးမှုများဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် ယခုမှတ်တမ်းထွက်ရှိလာခြင်းဖြစ်ပါသည်။

စီးပွားရေးဝန်ကြီး Abdulla bin Touq Al Marri ဦးဆောင်သော အဆိုပါကော်မတီသည် ယူအေအီးဝန်ကြီးများကောင်စီမှ အတည်ပြုထားသော အခြေခံလူသုံးကုန်ပစ္စည်းများအတွက် ဈေးနှုန်းသတ်မှတ်အကောင်အထည်ဖော်ရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

အခြေခံလူသုံးကုန်ပစ္စည်းများအတွက် ဈေးနှုန်းသတ်မှတ်အကောင်အထည်ဖော်ရေးမူဝါဒတွင် စားသုံးဆီ၊ ဥ၊ နို့ထွက်ပစ္စည်း၊ ဆန်၊ သကြား၊ ကြက်/ဘဲ၊ ပဲ၊ ပေါင်မုန့်နှင့် ဂျုံတို့ပါဝင်သည့် အခြေခံစားသုံးကုန်စည် ၉ မျိုး၏ဈေးနှုန်းများ မြင့်တက်လာခြင်းကို ကာကွယ်တားဆီးရန်အချက်များပါဝင်ပါသည်။ တစ်ဆက်တည်းအနေဖြင့် အခြားထုတ်ကုန်များ၏ဈေးနှုန်းများအတွက် ရောင်းလိုအားနှင့်ဝယ်လိုအားအပေါ် မူတည်သတ်မှတ်ရမည့်အကြောင်းအရာများ ပါဝင်ပါသည်။

ပြီးခဲ့သည့်ဧပြီလက ကြက်ဥ၊ ဘဲဥနှင့် ကြက်သား၊ ဘဲသားဈေးနှုန်းများအား ၁၃ ရာခိုင်နှုန်းထက်မနည်းမြှင့်တင်သည့်အတွက် လက်လီရောင်းချသည့်ဆိုင်များနှင့် လက်ကားဒိုင်များအား AED ၁၀,၀၀၀ ထက်မနည်းသည့် ဒဏ်ငွေနှင့် ထပ်တလဲလဲကျူးလွန်ခြင်းအတွက် AED ၂၀၀,၀၀၀ အထိ ပြစ်ဒဏ်တိုးမြှင့်ချမှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိခဲ့ပါသည်။ ကြက်ဥ၊ ဘဲဥနှင့် ကြက်သား၊ ဘဲသားထွက်ပစ္စည်း ၃၆၅ မျိုး၏ ပစ္စည်းတစ်ခုချင်းစီအတွက် အတည်ပြုထားသောစျေးနှုန်းများနှင့်အတူ ယူအေအီးစီးပွားရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

စီးပွားရေးဝန်ကြီး Al Marri က မူဝါဒများနှင့်ဆုံးဖြတ်ချက်များသည် နိုင်ငံအတွင်းစားသုံးသူအကာအကွယ်ပေးရေးအတွက် အာမခံနိုင်ရန်ရည်ရွယ်ကြောင်းနှင့် ဈေးနှုန်းသတ်မှတ်အကောင်အထည်ဖော်ရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ယူအေအီးနိုင်ငံရှိ မတူညီသောစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဌာနများ၏ အရေးပါသောအခန်းကဏ္ဍများကို မှတ်သားမိကြောင်း ဖော်ပြခဲ့ပါသည်။

အရင်းအမြစ်   -         khaleejtimes.com

(ဦးနန္ဒာစိုးမြင့်)

                            

 

 

Category: International News